Skip to main content

မြန်မာသတင်းထောက်နှစ်ဦးဖြစ်သည့် သက်ဦးမောင်(ခ)၀လုံး နှင့် ကျော်စိုးဦး(ခ)မိုးအောင်တို့နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းအပေါ် ဥပဒေရှုထောင့်နှင့် မီဒီယာရှုထောင့်များမှသုံးသပ်ချက်


ယနေ့ပြုလုပ်သော နိုင်ငံတော်သမ္မတနှင့်မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များတွေ့ဆုံပွဲတွင် အောက်ပါ သုံးသပ်ချက်ကို သမ္မတထံသို့ ပေးအပ်ခဲ့ပါသည်။

============================================
မြန်မာသတင်းထောက်နှစ်ဦးဖြစ်သည့် သက်ဦးမောင်(ခ)၀လုံး နှင့် ကျော်စိုးဦး(ခ)မိုးအောင်တို့နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းအပေါ် ဥပဒေရှုထောင့်နှင့် မီဒီယာရှုထောင့်များမှသုံးသပ်ချက်

ရက်စွဲ ။ ။ ၂၃ နိုဝင်ဘာ ၂၀၁၈

"ဥပဒေရှုထောင့်သုံးသပ်ချက်"

၁။ မြန်မာသတင်းထောက်နှစ်ဦးဖြစ်သည့် သက်ဦးမောင်(ခ)၀လုံး နှင့် ကျော်စိုးဦး(ခ)မိုးအောင်တို့အား မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) ကိုဖောက်ဖျက်သည်ဟုဆိုကာ ၂၀၁၈ စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး (၆) ဦးရဲလွင်က ထောင်ဒဏ် (၇) နှစ် စီချမှတ်ခဲ့သည်။
၂။ အမှုတွင် အရေးကြီးသောသက်သေ ဒုရဲမှူးမိုးရန်နိုင်၏ထွက်ဆိုချက်များကို တရားရုံးတော်မှ လက်ခံသုံးသပ်ခဲ့ခြင်း မရှိပါ။ ၎င်းသက်သေထွက်ဆိုစဉ်က အမှတ် (၈) ရဲတပ်ရင်းမှအရာရှိတစ်ဦးအဖြစ် လာရောက်ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ ထို့အတူ ရဲဒုတပ်ကြပ်နိုင်လင်းမှာ သတင်းထောက်များနှင့်တွေ့ဆုံရန် ဆောင်းရိပ်မွန်စားသောက်ဆိုင်သို့ ရောက်ရှိခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီးဖြစ်သည်။ ၎င်းအပြင် သတင်းထောက်များနှင့်ထိတွေ့ခဲ့သည်ဆိုသော ရဲတပ်ကြပ်ကြီးခင်မောင်လင်းအား သက်သေအဖြစ်တင်ပြနိုင်ခြင်းမရှိခဲ့ခြင်းမှာ အမှု၏ကွင်းဆက်ကို ပြတ်တောက် စေပြီး အများပြည်သူ၏သံသယတွင် အရေးကြီးသက်သေတစ်ဦးကို တရားလိုဘက်မှတင်ပြရန်ပျက်ကွက်သည်ပာု သုံးသပ်ရပါသည်။
၃။ သတင်းထောက်များထံမှ ရရှိသည်ဆိုသောစာရွက်စာတမ်းများ၊ လက်ကိုင်ဖုန်းများမှ တွေ့ရှိသော အထောက်အထားများနှင့်ပတ်သက်ပြီး ၎င်းစာရွက်စာတမ်း၊ အထောက်အထားများနှင့်သက်ဆိုင်သော မည်သည့် တပ်ရင်း၊ ရုံး ၊ ဌာနတစ်စုံတစ်ရာမှ တာဝန်ခံ၊ အရာရှိ၊ ဝန်ထမ်းတစ်ဦးတစ်လေကိုမျှ အရေးယူအပြစ်ပေးနိုင်ခြင်းမရှိဘဲ သတင်းထောက်များကိုသာအပြစ်ပေးခဲ့ခြင်းမှာ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့သည်ဆိုသောအချက်ကို အပြည့်အဝ ယုံကြည်စေရန်အကြောင်းဖြစ်သည်။ ထို့အပြင်မှုခင်းတပ်ဖွဲ့မှသက်သေ ရဲမှူးအောင်ကျော်ဆန်းတင်သွင်းလာသော သတင်းထောက်များ၏လက်ကိုင်ဖုန်းများမှ ထုတ်ယူလာသည့်အထောက်အထားများမှာ လျှို့ဝှက်စာရွက်စာတမ်း များပာု သုံးသပ်ခဲ့သော်လည်း ၎င်းတို့မှာသတင်းစာများတွင် ဖော်ပြပါရှိပြီးသောအကြောင်းအရာများဖြစ်ကြသည်။
၎။ ၎င်းအပြင် မှုခင်းတပ်ဖွဲ့မှသက်သေခံတင်သွင်းသောအစီရင်ခံစာသည် မပြည့်မစုံဖော်ပြထားသော သုံးသပ်ချက် ဖြစ်သည်။ ရဲမှူးအောင်ကျော်ဆန်းမှာ နည်းပညာကျွမ်းကျင်သူပာု လာရောက်ထွက်ဆိုခဲ့သော်လည်း ၎င်းသည် နည်းပညာဆိုင်ရာကျွမ်းကျင်သူဖြစ်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ရုံးတော်သို့တင်ပြနိုင်ခြင်းမရှိသလို သတင်းထောက်များ၏လက်ကိုင်ဖုန်းကိုပင် ရုံးတော်ရှေ့အမှုစစ်ဆေးစဉ် လာရောက်ခဲ့သောသတင်းမီဒီယာများနှင့် အများပြည်သူရှေ့၌ဖွင့်ရာတွင် ကျွမ်းကျင်စွာမဖွင့်နိုင်ကြောင်း ပေါ်ပေါက်ပါသည်။
၅။ ဝလုံး၏နေအိမ်မှသိမ်းဆည်းရမိသော မြန်မာတိုင်းမ်မှတ်စုစာအုပ်တွင် ကိုညိုထွန်းအောင် (AA) ၊ ကိုထွန်းအောင် (ANC)တို့၏ အမည်၊ ဖုန်းနံပါတ်များ မှတ်သားထားသည့်မှတ်စုစာအုပ်ကို သိမ်းဆည်းခဲ့ပါသည်။ ယင်းမှတ်စုစာအုပ်တွင် ပါရှိသောဖုန်းနံပါတ်များမှာ ကိုညိုထွန်းအောင်(AA)၊ ကိုထွန်းအောင် (ANC) တို့၏ ဖုန်းနံပါတ်များဖြစ်ကြောင်း တိုင်စာတွင် ဖော်ပြထားခြင်းမရှိသလို မည်သည့်တရားလိုနှင့် တရားလိုပြသက်သေများကမှ ခိုင်လုံစွာထွက်ဆိုနိုင်ခြင်း မရှိပါဘဲ လုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များကို တရားခံများက ယင်းအဖွဲ့များထံ တစ်နည်းနည်းဖြင့် ဆက်သွယ်ပေးပို့နိုင်သော အခြေအနေအခွင့်အလမ်းများရှိကြောင်းသုံးသပ်ကာ အပြစ်ပေးခဲ့ခြင်းမှာ ထင်ကြေးဖြင့် လိုရာဆွဲတွေးကာ အပြစ်ပေးခဲ့ကြောင်းမြင်သာပါသည်။
၆။ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေသည် ကမ္ဘာစစ်ကာလက သူလျှိုများအပြန်အလှန်စေလွှတ်ခြင်းကို တားမြစ်ရန် ပြဌာန်းထားခြင်းဖြစ်သည်။ နည်းပညာတိုးတက်သောခေတ်တွင် ယင်းဥပဒေမှာဆီလျော်ခြင်း မရှိတော့ဘဲ ပြန်လည်သုံးသပ်ရန်လိုအပ်နေပါသည်။ သတင်းထောက်များအားထောင်ဒဏ် (၇) နှစ် အပြစ်ပေးလိုက်ခြင်းမှာ သတင်းမီဒီယာနှင့် ပြည်သူ့သိပိုင်ခွင့်ကိုတားဆီးခြင်းဖြစ်သည်။
၇။ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေသည် အထူးဥပဒေတစ်ရပ်ဖြစ်ပြီး ၁၉၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ဥပဒေဖြစ်သည်။ မြန်မာနိုင်ငံသတင်းမီဒီယာဥပဒေသည် ၂၀၁၄ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၂ အဖြစ် အတည်ပြုပြဌာန်းခဲ့သောဥပဒေဖြစ်သည်။ ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၃(ဆ) အရ ရှေးဦးကျသောဥပဒေပြဌာန်းချက်တစ်ရပ်နှင့် နောက်ကျသောဥပဒေပြဌာန်းချက်တစ်ရပ်တို့ ဆန့်ကျင်ကွဲလွဲနေပါက နောက်ကျသောဥပဒေပြဌာန်းချက်သည် အတည်ဖြစ်စေရမည်ဟု ပြဌာန်းထားပါသည်။
၈။ ၀လုံးနှင့်ကျော်စိုးဦးတို့မှာ ရိုက်တာသတင်းဌာနမှ လခစားသတင်းထောက်များဖြစ်သည်။ ထို့ကြောင့် သတင်းသမားများကို သတင်းမီဒီယာဥပဒေအရသာအရေးယူရပါမည်။ ယခုလျှို့ဝှက်ချက်ဥပဒေအရ အရေးယူ ထားခြင်းမှာ ဥပဒေအရမှားယွင်းပါသည်။
၉။ လောလောဆယ်သာဓကနမူနာမှာ အလဲဗင်းမီဒီယာမှသတင်းစာဆရာသုံးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့်အရေးယူခြင်းအပေါ် သတင်းမီဒီယာဥပဒေအရသာအရေးယူရန် နိုင်ငံတော်သမ္မတက ညွှန်ကြားခဲ့ခြင်းသာဓက ရှိထားပြီးဖြစ်ပါသည်။

"မီဒီယာရှုထောင့်သုံးသပ်ချက်"

၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှထုတ်ပြန်ထားသော သတင်းမီဒီယာကျင့်ဝတ် အပိုဒ် ၃ (ခွဲ - ၁)တွင် “မီဒီယာဌာနတစ်ခုသည် ပေါက်ကြားလာသော ဌာနဆိုင်ရာနှင့်အခြားသတင်းအချက်အလက်များ (ဥပမာ နိုင်ငံရေးသမားများနှင့် ပြည်သူ့ဝန်ထမ်းများထံမှ အချက်အလက်များ) ကို အများပြည်သူအကျိုးစီးပွား ဖြစ်စေသည်ဟု ခိုင်လုံပါက လူသိရှင်ကြားထုတ်ဖော်ရမည့် ပရော်ဖက်ရှင်နယ်တာဝန်ရှိသည်။ မီဒီယာကျင့်ဝတ်က ဤတာဝန်ဝတ္တရား ကို ထောက်ခံသည်” ဟုဖော်ပြပါရှိပါသည်။
၂။ ထို့ကြောင့် သတင်းထောက် ၀လုံးနှင့် ကျော်စိုးဦးတို့မှာ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပြီး သတင်းမီဒီယာဥပဒေကိုလည်း ချိုးဖောက်ခြင်းမရှိခဲ့ကြောင်းတွေ့ရပါသည်။
၃။ ၎င်းတို့နှစ်ဦးသည် မြေပြင်တွင်အမှန်တကယ်ဖြစ်ပေါ်လျှက်ရှိသော သတင်းအချက်လက်များကိုအခြေခံကာ ဌာနေရခိုင်များအသတ်ခံရခြင်း၊ ဟိန္ဒူများအသတ်ခံရခြင်း၊ မွတ်ဆလင်များအသတ်ခံရခြင်းနှင့် အခြားတိုင်းရင်းသား မျိုးနွယ်စုများ အသတ်ခံရသည့်သတင်းများကိုလည်း လူထုသတင်းအမှန်သိရှိရေးအတွက် ၎င်းတို့ရရှိသည့် အချက်အလက်အတိုင်း ပေးပို့ခဲ့သည်ကိုတွေ့ရပါသည်။
၎။ ယခုဖြစ်ရပ်တွင်လည်း သတင်းသမား၏ကျင့်ဝတ်ဖြစ်သည့် ဘက်မျှအောင်သတင်းပေးပို့ရမည်ဟူသော အချက်ကို အတည်ပြုနိုင်ရန်အားထုတ်ကြိုးပမ်းခြင်းပင်ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားရာဒေသတွင် အမှန်တကယ် တာဝန်ထမ်းဆောင် ခဲ့သည့်ရဲဝန်ထမ်းများ၏ ပြောဆိုချက်များကိုထည့်သွင်းနိုင်ရန်ဆောင်ရွက်ရင်း ထောင်ချောက်ဆင်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဒုရဲမှူးမိုးရန်နိုင်(လိုပြ ၈)ကလည်း ထွက်ဆိုခဲ့ကြောင်း စီရင်ချက်တွင်ဖော်ပြပါရှိပါသည်။ သို့သော် ထိုသို့အမှန်အတိုင်းထွက်ဆိုခဲ့သည့် ဒုရဲမှူးမိုးရန်နိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့ပါသည်။
၅။ သတင်းစာဆရာများသည် အချက်အလက်မျိုးစုံကို နေရာမျိုးစုံမှရရှိအောင်စုဆောင်းကာ ပြည်သူသို့ ပြန်လည်တင်ပြရသောတာဝန်ကို ထမ်းဆောင်နေသူများဖြစ်သည့်အလျှောက် ၎င်းတို့ထံတွင် အချက်အလက်မျိုးစုံ သည် ပုံစံမျိုးစုံဖြင့်ရှိနေနိုင်ပါသည်။ ၀လုံးနှင့် ကျော်စိုးဦးတို့တွင်လည်း ပုပ်ရဟန်းမင်းကြီးခရီးစဉ်၊ ဒုသမ္မတခရီးစဉ် စသည့် နိုင်ငံတော်လျှို့ဝှက်အဆင့်သတ်မှတ်ထားသည့် အချက်အလက်များတွေ့ရှိရခြင်းနှင့် သတင်းရင်းမြစ်များ၏ လိပ်စာကတ်များနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များရှိနေခြင်းမှာလည်း သတင်းအလုပ်လုပ်ကိုင်သူသတင်းသမား အနေဖြင့် လိုအပ်ချက်ဖြစ်ပြီး တရားဥပဒေကိုချိုးဖောက်ခြင်းမဟုတ်ပါ။
၆။ ၎င်းတို့ရရှိထားသောအချက်အလက်များကို လုံခြုံရေးကျိုးပေါက်စေသည့်လုပ်ရပ်များတွင် အသုံးပြုခဲ့ကြောင်းလည်း တရားရုံးတွင်သက်သေမပြနိုင်ဘဲ “ အထက်ပါလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များကို တရားခံများက ယင်းအဖွဲ့အစည်းများထံ တစ်နည်းနည်းဖြင့် ဆက်သွယ်သတင်းပေးပို့နိုင်သည့် အခြေအနေ၊ အခွင့်အလမ်းများ ရှိသည်မှာ မြင်သာသည်” ဟုသာ တရားရုံးစီရင်ချက်တွင် ဖော်ပြခဲ့သည်။
၇။ အရေးအကြီးဆုံးအချက်မှာ သတ်ဖြတ်မှုများမဖြစ်ပွားခဲ့လျှင် မည်သည့်သတင်းမျှလည်း ထွက်ပေါ်လာမည် မဟုတ်ပါ။ ကမ္ဘာ့အလယ်တွင် နိုင်ငံသိက္ခာကျရခြင်း၏ဇာစ်မြစ်မှာ ၎င်းတို့ရေးသားသည့်သတင်းများကြောင့် မဟုတ်ဘဲ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုကြောင့်သာဖြစ်ရကြောင်း ကျွန်ုပ်တို့မီဒီယာအဖွဲ့အစည်းများမှ သုံးသပ်တွေ့ရှိရပါသည်။

Union Lawyers’ & Paralegals’ Association
Myanmar Media Lawyers’ Network
Myanmar Journalist Network
Myanmar Journalist Network (Ayarwaddy)
Myae Latt Journalist Network
Southern Myanmar Journalist Network
Lashio Reporters Group
Taunggyi Journalist Association




Comments

Popular posts from this blog

မြန်မာဂျာနယ်လစ်ကွန်ရက် သမိုင်းအကျဉ်း

မြန်မာဂျာနယ်လစ်ကွန်ရက် Myanmar Journalist Network(MJN)အဖွဲ့အစည်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂ ရက်တွင် ရန်ကုန်မြို့၌ သတင်းထောက် ၃၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ခုနှစ်နောက်ပိုင်း ကာလတွင် ပထမဆုံး ပေါပေါက်ခဲ့သော သတင်းထောက် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ အဖွဲ့အစည်း ဖွဲ့စည်းရာတွင် လိုအပ်သော သင်းဖွဲ့စည်းမျဉ်းကို အဖွဲ့စတင်တည်ထောင်သူများက စုပေါင်းရေး ဆွဲပြီး အစည်းအဝေးခေါ်ကာ အတည်ပြုခဲ့သည်။ ထို့နောက် အဖွဲ့အစည်းသို့ သတင်းထောက်များ အထူးသဖြင့် လူငယ်သတင်းထောက်များ အဖွဲ့ဝင်ဖြစ်ရေး အတွက် တိုင်းနှင့်ပြည်နယ်အနှံ့သို့ သွားရောက်စည်းရုံးခဲ့သည်။ ရန်ကုန်မြို့မှအပ နယ်မြို့များတွင် တည်ထောင်သော မြန်မာဂျာနယ်လစ်ကွန်ရက် အဖွဲ့ခွဲများကို ၎င်းတို့ဘာသာ ရပ်တည်ရှင်သန်နိုင်ပြီး သတင်းထောက်များအကျိုးအတွက် ဆောင်ရွက်နိုင်ရန် အားပေးထောက်ခံခဲ့သည်။ စတင်ဖွဲ့စည်းစတွင် သတင်းထောက်များ သာရေးနှင့်နာရေးကိစ္စများကို အရေးထားဆောင်ရွက်ခဲ့ပြီး ယခုအခါ သတင်းသမားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ရန်၊ သတင်းသမားများ အရည်အသွေးတိုးတက်ရန် နှင့်မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် လူ့အဖွဲ့အစည်းအားတစ် ဖက်တစ်လမ်းမှ အေ…

တည်းဖြတ်ခြင်း သင်တန်း

[Zawgyi-One below]


သတင်း၊ ဆောင်းပါး တည်းဖြတ်ခြင်း အခြေခံအဆင့် သင်တန်းကို ဇွန် ၁၅ ရက်နေ့က MJN ရုံးမှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းတက်ရောက်သူတွေက သင်တန်းကာလ နောက်ပိုင်းမှာလည်း တည်းဖြတ်ခြင်းနဲ့ ပတ်သက်ပြီး  အွန်လိုင်းမှာ ဆက်လက် တွေ့ဆုံ လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။

သင်တန်းမှာပါဝင်သူတွေက လုပ်ငန်းခွင် ဝင်ရောက်နေကြပါပြီ။ သင်တန်းမှာ Facebook သုံးဖို့ ခေတ္တ အနားပေးချိန်တွေ ရှိတာကို သူတို့ ပြန်သတိရကောင်း ရနေပါလိမ့်မယ်။
ကော်ဖီမစ်နဲ့ ဧည့်ခံခြင်းမရှိတာကိုလည်း အမှတ်ရနေဖွယ် ရှိပါတယ်။
ကော်ဖီမစ်ဟာ အသောက်များရင် ဆေးရုံရောက်နိုင်တယ်လို့ သင်တန်းနည်းပြက ခြိမ်းခြောက်တာကိုတော့ သူတို့ ကြောက်ဟန် မရှိပါ။
သံပုရာရည် ကိုယ်တိုင်ဖျော်သောက်ကြဖို့ တိုက်တွန်းတာကို သင်တန်းတက်သူ အများအပြား လိုက်နာကြပါတယ်။
ကျန်းမာရေးလိုက်စားချင်တာကြောင့် မဟုတ်ဘဲ အိပ်ချင်ပြေဖို့ ဖျော်သောက်ကြပုံ ရပါတယ်။

သင်တန်းနည်းပြဖြစ်သူကတော့ သတင်းပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းမှ ဆက်လုပ်နိုင်မယ်လို့ ယူဆနေပါတယ်။

##



==============
