Skip to main content
စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်းနှင့် သတင်းလွတ်လပ်ခွင့်ကို လေးစားရန် သတိပေးကြောင်း ကြေညာချက်
နေ့စွဲ  ဖေဖေါ်ဝါရီ ၄ရက် ၊ ၂၀၂၁ခုနှစ်
၁။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က နိုင်ငံတဝှမ်း အရေးပေါ်အခြေအနေကြေညာပြီး၊ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူလိုက်ခြင်းကို ကန့်ကွက်ရှုတ်ချလိုက်သည်။
၂။ မဲဆန္ဒပေးခဲ့ကြသည့် ပြည်သူများ၏ဆန္ဒအစစ်အမှန်ဖြစ်သော ၂၀၂၀ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြည်အဝ လေးစားလိုက်နာရန် သတိပေးလိုက်ပါသည်။
၃။ အာဏာသိမ်းမှုတွင် ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးပြန်လွတ်ပေးရန်၊ နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးကိုလိုက်နာပြီး တရားဥပဒေစိုးမိုးရေးကို အလေးအနက်တိုက်တွန်းအပ်ပါသည်။ အခြေခံဥပဒေကို လေးစားလိုက်နာမည်ဟုဆိုပါလျင် အခြေခံဥပဒေပါ လူ့အခွင့်အရေး၊ သတင်းလွတ်လပ်ခွင့်အခွင့်အရေးတို့ကို လေးစားလိုက်နာရန် လိုအပ်ပါသည်။ 
၄။ ကုလသမဂ္ဂ၏ လူအခွင့်အရေးကြေငြာစာတမ်းပါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိရှိပိုင်ခွင့်ကို လေးစားလိုက်နာပြီး လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းအလုပ်ကို တားဆီးကန့်သတ်မှု မလုပ်ရန် အလေးအနက် သတိပေးလိုက်ပါသည်။ 
သတင်းသမားများ၏ လုံခြုံရေးကို ထိပါးစေမည့် နောက်ယောင်ခံလိုက်ခြင်း၊ နေအိမ်တွင် လာရောက်စုံစမ်းမေးမြန်းခြင်းတို့ကို မပြုလုပ်ရန်နှင့် သတင်းရယူစဥ်တွင် တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အကာအကွယ်ပေးရန် ဥပဒေအရ တာ၀န်ရှိသည်။ 
၅။ သတင်းမီဒီယာသမားများ အနေဖြင့် ပြည်သူများ၏အခြေခံအခွင့်အရေးတစ်ခုဖြစ်သော သတင်းရှိပိုင်ခွင့်အတွက် အခက်အခဲကန့်သတ်မှုများမည်မျှပင်ရှိစေကာမူ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်
Myanmar Journalist Network 
Comments
Popular posts from this blog
သတင်းသမား ဦးအောင်မိုးမြင့် ကွယ်လွန်
Unicode/Zawgyi-One ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အခြေစိုက် နေထိုင်သည့် ဦးအောင်မိုးမြင့်သည် မေလ ၁၆ ရက်နေ့က ကင်ဆာရောဂါနှင့် ကွယ်လွန်သွားသည်။  ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ် ရှိပြီဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း BBC အသံလွှင့်ဌာနက ကာလအတန်ကြာ ထုတ်လွှင့်ခဲ့သည့်  သပြေကုန်းရွာ ရေဒီယိုဇာတ်လမ်းတွဲတွင် ကိုကြွက်ဖြူအမည်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သူ ဦးအောင်မိုးမြင့်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊  ထိုင်းရောက် မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများအကြောင်းကို အထူးပြု ရေးသားတင်ဆက်ခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတချို့ တည်ထောင်ထားသည့် သတင်းနှင့် မီဒီယာ ကွန်ယက် (Network Media Group) ၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအောင်မိုးမြင့်သည် RFA သတင်းဌာနအတွက် သတင်းများကို နှစ်ပေါင်းများစွာ ပေးပို့ခဲ့သူတစ်ဦးဖြစ်သည်။ မီဒီယာအဖွဲ့အစည်းများ ပူးပေါင်း ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) တွင်လည်း အရေးကြီးသော တာဝန်များကို ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သူဖြစ်သည်။ သတင်းသမား ဦးအောင်မိုးမြင့် ကွယ်လွန်သွားခြင်းမှာ သတင်းလောကအတွက် ဆုံးရှုံးမှု ဖြစ်ပါသည်။  မြန်မာဂျာနယ်လစ်ကွ...
ဓာတ်ပုံသတင်းထောက် ဦးမျိုးခိုင် ကွယ်လွန်