Eleven မီဒီယာမှ သတင်းသမား ၃ ဦးကို ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ သတင်းမီဒီယာအဖွဲ့အစည်းများမှ ကန့်ကွက်ရှုတ်ချခြင်း
နေ့စွဲ ၁၁-၁၀-၁၈
၁။ အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven အပတ်စဉ်ထုတ်ဂျာနယ်တွင် ဖေါ်ပြခဲ့သည့် ”အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေးသူဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆိုသည့် သတင်းဆောင်းပါး ဖေါ်ပြမှုနှင့် ပတ်သက်၍ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ်တို့ကို အများပြည်သူ၏ အကျိုးကိုပျက်စီးစေသော ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးအရေးယူခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကြီးမားစွာထိခိုက်စေသည် အတွက် မြန်မာနိုင်ငံသတင်းမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အဆိုပါ သတင်းဖေါ်ပြမှုနှင့် ပတ်သက်၍ နစ်နာမှု ၊ ထိခိုက်မှု တစ်စုံတစ်ရာရှိခဲ့လျင် ရှေးဦးစွာမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားနိုင်ပါလျက်နှင့် တိုင်ကြားခြင်းမပြုဘဲ အမှုတန်းဖွင့်သည့် လုပ်ဆောင်မှုသည် သတင်းဖေါ်ပြမှုနှင့်ပတ်သက်၍ ပြေလည်အောင် ဖြေရှင်းလိုသော ဆန္ဒမရှိသည့် သဘောဖြစ်သည်ဟု ကျွန်ုပ်တို့ သတင်းသမားအဖွဲ့အစည်းများက ယူဆပါသည်။
သတင်းမီဒီယာကောင်စီသို့ ရှေးဦးစွာတိုင်ကြားပြီး ကောင်စီ၏ ဖြေရှင်းဆောင်ရွက်မှု ပြေလည်ခြင်း မရှိမှသာလျင် အမှုဖွင့်ခြင်း၊ တရားဥပဒေအရ ဖြေရှင်းဆောင်ရွက်သင့်ပြီး ယခုကဲ့သို့ ချက်ခြင်းအမှုဖွင့် ဖမ်းဆီးစေခြင်းသည် သတင်းဌာနများရှိ သတင်းထောက် အယ်ဒီတာများကို အကြောက်တရားရအောင် ရည်ရွယ်လုပ်ဆောင်သည်ဟု ကျွန်ုပ်တို့ယူဆပါသည်။
၃။ အစိုးရ၏ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဝေဘန်ရေးသားခြင်းအပေါ် ပြင်းထန်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းသည် ဒီမိုကရေစီသို့ ဦးတည်လျှောက်လှမ်းနေသည်ဆိုသည့် အစိုးရတရပ်၏ ပုံရိပ်အတွက်လည်းကောင်း မြန်မာနိုင်ငံသတင်းလွတ်လပ်ခွင့် အတွက်လည်းကောင်း ဆိုးရွားသည့် သက်ရောက်မှုသာဖြစ်ပေါ်စေနိုင်ပါသည်။
၎။ သို့ဖြစ်ပါ၍ ယခုကဲ့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်းကို အမြန်ဆုံးရုပ်သိမ်း၍ သက်ဆိုင်ရာ သတင်းမီဒီယာနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သတင်းမီဒီယာကောင်စီထံ တိုင်ကြား၍ သော်လည်းကောင်း ဖြေရှင်းဆောင်ရွက်ရန် လေးလေးနက်နက် တိုက်တွန်းပါသည်။
၁။ မြေလတ်ဂျာနယ်လစ်ကွန်ရက်
၂။ Myanmar Women Journalists Society
၃။ မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်
၎။ တောင်ကြီးသတင်းစာဆရာများအသင်း
၅။ ဧရာဝတီဂျာနယ်လစ်ကွန်ရက်
၆။ လားရှိုးသတင်းထောက်များအဖွဲ့
၇။ မြန်မာဂျာနယ်လစ်ကွန်ရက်
၂။ Myanmar Women Journalists Society
၃။ မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်
၎။ တောင်ကြီးသတင်းစာဆရာများအသင်း
၅။ ဧရာဝတီဂျာနယ်လစ်ကွန်ရက်
၆။ လားရှိုးသတင်းထောက်များအဖွဲ့
၇။ မြန်မာဂျာနယ်လစ်ကွန်ရက်
Comments
Post a Comment